International News

အိန္ဒိယနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဖြေရှင်းကျန်ရှိနေသော နှစ်နိုင်ငံအငြင်းပွားမှုကို ဖြေရှင်းခဲ့

Last Updated:

အိန္ဒိယနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် တိရိစ္ဆာန်အသားနှင့် ဥစားထုတ်ကုန်များ(poultry products) တင်သွင်းမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဖြေရှင်းရန်နောက်ဆုံးကျန်ရှိနေသော နှစ်နိုင်ငံကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းခဲ့ကြကြောင်း သိရသည်။ အေးခဲကြက်ဆင်သား၊ အေးခဲဘဲသား၊ လတ်ဆတ်သော သို့မဟုတ် အေးခဲထားသော ဘလူးဘယ်ရီသီးနှင့် ခရမ်ဘယ်ရီသီး(cranberries)၊ ဘလူးဘယ်ရီသီးနှင့် ခရမ်ဘယ်ရီသီးခြောက်နှင့် ၎င်းတို့အားပြုပြင်ထားသော ထုတ်ကုန် များကဲ့သို့သော အမေရိကန်ထုတ်ကုန်အချို့အပေါ် အကောက်ခွန်လျှော့ချရန် အိန္ဒိယက သဘောတူညီခဲ့သည်။ ယင်းက အမေရိကန်လယ်သမားများအတွက်  အိန္ဒိယနိုင်ငံ၌ ကုန်သွယ်မှုအခွင့်အလမ်းများချဲ့ထွင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

အမေရိကန်သမ္မတဘိုင်ဒင်သည် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ ယခုလ(၈)ရက်နေ့က နယူးဒေလီရှိ အိန္ဒိယ၀န်ကြီးချုပ်မိုဒီထံ သွားရောက်လည်ပတ်စဉ် အဆိုပါကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က ယခုနှစ် ဩဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့သော ဂျီ-၂၀ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၌ အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal နှင့်တွေ့ဆုံစဉ် အဆိုပါ ကိစ္စကို အမြန်ဆုံးဖြေရှင်းရန် ဆွေးနွေးခဲ့သည်။

အဆိုပါကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းခြင်းသည် အမေရိကန်-အိန္ဒိယဆက်ဆံရေးအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်။ အခွန်အကောက်များလျှော့ချခြင်းသည်လည်း အမေရိကန်စိုက်ပျိုးထုတ်လုပ်သူများအတွက် အရေးကြီးသော စျေးကွက်ဝင်ရောက်နိုင်မှုကို တိုးတက်စေသည်။ ယင်းသည် မကြာသေးမီက နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်များ၏ ခရီးစဉ်များနှင့်အတူ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကို ပြသလျက်ရှိသည်။ အမေရိကန်ကုန်သွယ်ရေးသံတမန် Tai က နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအကျိုးအမြတ်များရရှိနိုင်စေရန် ဝန်ကြီး Goyal နှင့်လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကုလားပဲ၊ ပဲနီလေး၊ အယ်မွန်(almond)၊ သစ်ကြားသီး(walnut)၊ ပန်းသီး၊ ဘိုးရင့်အက်ဆစ်(boric acid)နှင့် ဆေးဘက်ဆိုင်ရာဓါတုပစ္စည်းများ(diagnostic reagents)အပါအဝင် အခြားသောအမေရိကန်ကုန်ပစ္စည်းများအပေါ်တွင်လည်း အကောက်ခွန်လျှော့ချရန် သဘောတူညီခဲ့သည်။ ယခုနှစ် ဇွန်လက ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ယခင် ကုန်သွယ်ရေးအငြင်းပွားမှု(၆)ခုကိုလည်း ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ ယခုလ(၈)ရက်နေ့က သမ္မတဘိုင်ဒင်နှင့် ၀န်ကြီးချုပ်မိုဒီတို့သည် နယူးဒေလီရှိ ဝန်ကြီး ချုပ်၏စံအိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာမျှဝေခြင်းစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ သမ္မတဘိုင်ဒင်က အိန္ဒိယနိုင်ငံ၏ လသွားခရီးစဉ်ဖြစ်သော Chandrayaan-3 မစ်ရှင်အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုတို့နှင့်အတူ ကဏ္ဍပေါင်းစုံတွင် အိန္ဒိယ-အမေရိကန် မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အသွင်ကူးပြောင်းရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ သန္နိဌာန်ပြုခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် လိုလားကြောင်း နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြပြီး၊ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာကောင်းကျိုးများကို မြှင့်တင်ရာ၌ ကြီးမားသည့်အခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မည်ဟု ထုတ်ပြန်ပြောကြားခဲ့ကြသည်။

သုံးသပ်တင်ပြချက်

အမေရိကန်ပြည်ထောင်စုစစ်တမ်းကောက်ယူရေးဗျူရို(US Census Bureau)နှင့် အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁၃၀)ဘီလီယံခန့်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ(၃၀)ဘီလီယံခန့်ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်း လိုငွေဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ-အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှု(၆)ခုတွင် အိန္ဒိယဖက်မှ စတင်အဆိုပြုသည့် အငြင်းပွားမှု(၃)ခုနှင့် အမေရိကန်ပြည်ထောင်စုဖက်မှ စတင်အဆိုပြုခဲ့သည့် အငြင်းပွားမှု(၃)ခုတို့ ပါဝင်ကြောင်း The Economic Times သတင်းဌာနက ဖော်ပြထားသည်။ ၎င်းတို့မှာ အိန္ဒိယဖက်မှတင်ပို့သော အပူပေးထားသည့် ကာဗွန်စတီးသတ္တုလိပ်ထုတ်ကုန်များအပေါ် အမေရိကန်ပြည်ထောင်စုမှ တန်ပြန်အခွန်(countervailing duty)ကောက်ခံခဲ့မှု၊ အိန္ဒိယသို့တင်ပို့သော ထုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်နယ်အသီးသီးမှပေးအပ်သော အစိုးရထောက်ပံ့ကြေးများနှင့် ပင်ရင်းဒေသဆိုင်ရာပါဝင်မှုအချိုးအစား သတ်မှတ်ချက်တို့ပါဝင်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုကလည်း အလားတူကိစ္စရပ်ဖြစ်သော အိန္ဒိယနိုင်ငံမှ တင်ပို့သည့် နေရောင်ခြည်စွမ်းအင်သုံးကိရိယာပစ္စည်းများအပေါ် ပြည်တွင်းမှ ပါဝင်မှုအချိုးအစားသတ်မှတ်ချက်အား မကျေနပ်ချက်၊ အိန္ဒိယအစိုးရ၏ ပို့ကုန်ထောက်ပံ့ကြေးများအပေါ် မကျေနပ်ချက်နှင့် ၂၀၁၉ ခုနှစ်က အမေရိကန်မှ မူလထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းအချို့အပေါ် အိန္ဒိယက သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခဲ့မှုတို့အပေါ် အငြင်းပွားခဲ့ကြောင်း သိရသည်။

သို့ပါ၍ ယခုအခါ နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်များ၏ခရီးစဉ်နှင့် ဂျီ-၂၀ ထိပ်သီးညီလာခံတို့ကို အကြောင်းပြု၍ အဆိုပါကုန်သွယ်ရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး၊ အိန္ဒိယ-အမေရိကန်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးမှာ ခိုင်မာအားကောင်းလျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် သိရှိနိုင်ရေး သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

AKI Express သတင်းဌာန၊ “India, US resolve last outstanding World Trade Organization dispute”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်။

The Economic Times သတင်းဌာန၊ “India, US mutually resolve all six trade disputes at WTO: Official”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်။

(ကောင်းထွဋ်‌အောင်စီးပွား‌ရေးသံမှူးကော်လ်ကတ္တားမြို့(                                                                                         

                                                                                          

 

Category: International News